Monday, December 27, 2010

တန်ဖိုးမဖြတ်နိုင်တဲ့ အရာ

အန်နာက ကျွန်တော့်ထက် ခြောက်နှစ် ကြီးပါတယ်။ အမေကတော့ အနောက်အလယ်ပိုင်းက စက်ရုံလေး တစ်ရုံမှာ ညနေတိုင်း အလုပ်ဆင်းရင်းနဲ့ပဲ ကျွန်တော်တို့တွေ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ချို့တဲ့စွာ ကြီးပြင်းခဲ့ကြရတယ်။ အမေ့ကိုတော့ မမြင်ရတာ များပါတယ်။ အန်နာကတော့ အမေရဲ့ လုပ်ပိုင်ခွင့် ဆုံးမပိုင်ခွင့်တွေကို လွဲပြောင်း လက်ခံရရှိထားသလို အမေရဲ့နွေးထွေးကြင်နာမှူ မျိုးကိုလည်းကျွန်တော်နဲ့ ညီမလေး အပေါ်မှာ ပေးစွမ်းနေရတဲ့ အစ်မတစ်ယောက်ပါ။ ဒါပေမယ့် အန်နာဟာ ကျွန်တော်တို့ မောင်နှမတွေ အပေါ်မှာ စည်းကမ်းမရှိတာ အပြစ်လုပ်တာ တို့ဆိုရင်တောင် ဘယ်တော့မှ ကျွန်တော်တို့ကို အပြစ်မပြောခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ မောင်နှမတွေ အပြစ်တစ်စုံတစ်ရာ လုပ်မိတာမျိုးဆိုရင် အန်နာ့ရှေ့မှာ ၀န်ခံဖို့ အမြဲတမ်း အသင့်ဖြစ်နေခဲ့ကြပါတယ်။ နောက်ပြီး အဲ့လိုဝန်ခံတဲ့ အခါမျိုးဆိုရင် အန်နာက ကျွန်တော်တို့အတွက် အကျိုးရှိစေမယ့် ဆုံးမစကားတေ၊ွ အကြံညဏ်တွေ ပြောပြတတ်ပါတယ်။ ဒီလိုပင်ပန်းခက်ခဲ ဆင်းရဲကြမ်းတမ်းတဲ့ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်ဘ၀ကို ဖြတ်သန်းနေရတဲ့ ကာလတွေ အတောအတွင်းမှာဆိုရင် အန်နာဟာ အစ်မလိုတစ်မျိုး၊ အမေလိုတစ်သွယ် သာမက အကောင်းဆုံးသူငယ်ချင်း တစ်ယောက်အဖြစ်နဲ့ပါ ကျွန်တော့်ဘေးမှာ အမြဲတမ်း အေးအတူပူအမျှ ခံစားပေးနိုင်စွမ်း ရှိခဲ့တဲ့သူပါ။


ကျွန်တော် ၁၇ နှစ်ရောက်တဲ့အခါမှာ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိပါဘူး။ ဒါပေမယ့် တကယ်လို့များ ကျွန်တော် စကောလားရှစ် ရအောင်ဖြေနိုင်ရင် ကောလိပ်တက်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ စကောလားရှစ် ရဖို့အတွက်ဆိုရင် အရေးကြီးတဲ့ အင်တာဗျူးတစ်ခု အောင်မြင်မှ သေချာပေါက် ကောလိပ်တက်ခွင့် ရမှာဖြစ်ပါတယ်။ အန်နာက အဲ့အချိန်ကဆိုရင် တော်တော်လေး ကြိုးစားရုန်းကန်ရရှာပါတယ်။ အချိန်ပိုင်း အလုပ်တွေဝင်လုပ်ရင်း မြို့မှာရှိတဲ့ ကောလိပ်ကျောင်းကိုလည်း သူမတက်နိုင်အောင် ကြိုးစားနေရပါတယ်။ ကျွန်တော့် အင်တာဗျူးအကြောင်းကို အန်နာ့ကို ပြောပြလိုက်ပါတယ်။ ကျောင်းကလည်း စကောလားရှစ် ဖြေဖို့အတွက်ကို ကျွန်တော့်ဆီကို ကားလက်မှတ် ပို့ပေးထားပါတယ်။ ဒါကြောင့် စကောလားရှစ် အင်တာဗျူးအတွက် ကျွန်တော်မြို့ကို သေချာပေါက် သွားရမှာဖြစ်ပါတယ်။ ဒါဟာ မြို့ကြီးပြကြီးကို ပထမဆုံး မြင်တွေ့ရမယ့် အခွင့်အရေးပါ။ ဒီစွန့်စားမှူအတွက် အရမ်းကို စိတ်လှူပ်ရှားနေ မိပါတယ်။ ဘာတွေဝတ်ရမလဲ ဆိုတာကိုလည်း အန်နာ့ကို ခါတိုင်းလိုပဲ အကြံညဏ်တောင်းခဲ့ပါတယ်။ ကျွန်တောမှာရှိတဲ့ အကောင်းဆုံးလို့ထင်ရတဲ့ ၀တ်စုံတွေကို ထုတ်ပြတယ်။ နောက်ပြီး ရူးဖိနပ် အောက်ခြေက အပေါက်ကြီးကိုလည်း ဘယ်လိုပြူပြင်ဖာထေး ရမလဲဆိုတာမေးခဲ့ပါတယ်။ အပေါက်ကတော့ ဘယ်သူမှမမြင်နိုင်ပါဘူး။ ဒါပေမယ့် မိုးရွာရင်တော့ ဖိနပ်ထဲကို ရေတွေဝင်နိုင်ပါတယ်။ ကျွန်တော်ရဲ့ တစ်ပတ်နွမ်း ၀တ်စုံနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ အန်နာ့ကိုပြောပြတယ်။ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ ၀တ်စုံတစ်စုံကို အနီးအနားက အဟောင်းဆိုင် တစ်ဆိုင်မှ ဈေးပေါပေါနဲ့ ရလိုက်ပါတယ်။ အရောင်အဆင်းတော့ သိပ်မရှိတော့ပါဘူး။ နည်းနည်းတော့ ကြည့်လို့ကောင်းပါသေးတယ်။

နောက်တစ်နေ့မှာ အန်နာက ဈေးဝယ်သွားရအောင် လိုက်ခဲ့ဖို့ခေါ်ပါတယ်။ ဒါနဲ့ကျွန်တော်တို့ ဘစ်(စ်)ကားနဲ့ ဈေးကြီးဆီ ချီတက်ခဲ့ကြပါတယ်။ ဈေးရောက်တော့ အန်နာက ဖိနပ်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော့်ကို ခေါ်သွားပါတယ်။ ဆိုင်ထဲမှာတော့ တောင်ပြောင်လှပတဲ့ သားရေရူးဖိနပ်တွေ ဆိုတာ ရောင်းတဲ့စင်တွေပေါ်မှာ အခန့်သားပေါ့။ အန်နာက ဖိနပ်တွေထဲက တစ်ရံကို ယူလာပြီး ကျွန်တော့်ကို စမ်းဝတ်ကြည့်ဖို့ ပြောပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒါဟာ ဟာသလုပ်နေတယ်လို့ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းမျိုး ဘယ်တုန်းကမှ မ၀ယ်နိုင်ခဲ့ဖူးပါဘူး။ တစ်ခါတစ်လေ ဈေးတွေရောက်ရင်တော့ ဘယ်ပစ္စည်းလေးတွေ ကြိုက်တယ် နောက်မှလာဝယ်မယ် ဆိုပြီး မှတ်ထားဖူးတာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်တုန်းကမှ မ၀ယ်နိုင်ခဲ့ပါဘူး။ ဆိုင်တွေသွားပြီး အစမ်းဝတ်ကြည့်တမ်း ကစားတာမျိုး လောက်ပဲရှိခဲ့ပါတယ်။ ဒီတစ်ခါတော့ သိပ်ကိုထူးခြားနေပါတယ်။ အန်နာက ကျတော်နဲ့ လိုက်မယ့် ဖိနပ်ဘူးတစ်ဘူး ယူလာပြီး

“ရော့ ဒါငါ့မောင်လေးအတွက် “ ဆိုပြီး ကျွန်တော့်လက်ထဲကို ဖိနပ်ဘူးထည့်ပေးပါတယ်။ အံ့သြ၀မ်းသာမှူတွေနဲ့ အတူ အန်နာ့ကို ကျွန်တော်

“ဒါပေမယ့်….” တစ်ခွန်းသာ ပြောနိုင်ခဲ့ပါတယ်။ အန်နာက ကျွန်တော့်ကို

“ဒီဖိနပ်ဟာ မောင်လေးနဲ့ ထိုက်တန်ပါတယ်။ ဒီအင်တာဗျူးက မောင်လေးအတွက် အရမ်းအရေးကြီးတယ်။ စကောလားရှစ်ရတာ အစ်မမြင်ချင်တယ် “

ကျွန်တော့် နှူတ်ဖျားက စကားတွေ ဆွံ့အသွားသလို ခံစားမိတယ်။ ဒီပိုက်ဆံတွေဟာ အန်နာအတွက် တော်တော့်ကို များလွန်းပါတယ်။ အန်နာ ချို့ချို့တဲ့တဲ့ ချွေတာစားသောက်ပြီး အငတ်ခံစုထားတဲ့ ပိုက်ဆံတွေဆိုတာတော့ သေချာပါတယ်။

ဒီလိုနဲ့ အန်နာဝယ်ပေးတဲ့ ဖိနပ်အသစ်လေးနဲ့ ကျွန်တော် အင်တာဗျူးသွား ဖြေပါတယ်။ စကောလားရှစ်အောင်ပြီး ကျွန်တော်အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပါတယ်။ ကျွန်တော့်ရဲ့လုပ်အားနဲ့ ဖိနပ်အကောင်းစားတွေ ၀ယ်စီးနိုင်ပေမယ့် ကျွန်တော်ဝယ်မစီးဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ပကာသနတွေ အတွက်ပဲလေ။ ကျွန်တော်ဒီလို အကောင်းစားဖိနပ်တွေ ၀ယ်မစီးတာဟာ ဖိနပ်အကောင်းစားတွေ ကျွန်တော်မကြိုက်လို့ မနှစ်သက်လို့ပဲလို့ အန်နာတွေးမိပါစေလို့ ကျွန်တော်ဆုတောင်းမျှော်လင့်မိတယ်။ တကယ်တော့ ကျွန်တော့် အစ်မ၀ယ်ပေးတဲ့ ဖိနပ်လေးနေရာမှာ နောက်ထပ် ဖိနပ်အသစ်တွေ အစားမထိုးနိုင်အောင်လို့ ကျွန်တော်ဝယ်မစီး ဖြစ်တာပါ။ အရေးကြီးတဲ့ ဧည့်ခံပွဲလို လုပ်ငန်းဆွေးနွေးရမယ့် နေရာမျိုးတွေမှသာ အန်နာဝယ်ပေးတဲ့ ဖိနပ်လေးကို ကျွန်တော်အမြတ်တနိုး စီးတတ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက်ကြာခဲ့သည်တိုင်အောင် အန်နာဝယ်ပေးတဲ့ ရူးဖိနပ်လေးကို အိမ်ကိုလွမ်းမိတဲ့အခါတိုင်း အလွမ်းပြေ သတိတရ ထုတ်ကြည့်တတ်စမြဲပါ။ ကျွန်တော်သတိရသလို ကျွန်တော် ဒီအခြေအနေရောက်အောင် အငတ်ခံပြီး ကောလိပ်တက်နိုင်ဖို့ ပံ့ပိုးပေးခဲ့တဲ့ အစ်မအန်နာလည်း ဒီအချိန်ဆို ကျွန်တော့်အိမ်ကိုပြန်လာမယ့် အချိန်ကိုမျှော်နေမယ် ဆိုတာကတော့ မလွဧကန် အမှန်ပင်ဖြစ်ပါလေတော့မည်……….

1 comments:

U myo said...

I understoot ,

Givers >>>>>>>>>> Takers

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes