Saturday, October 10, 2009

ရွာချင်ရွာ၊ ပြားချင်ပြား မခြားလျှင် တော်တယ်

အင်တာနက်လို့ ဆိုလိုက်ရင်... မသိသူ မရှိလောက်ပါဘူး။ လူတိုင်း ဒီစကားလုံးကို ရင်းနှီး နေပါတယ်။ သူ့ရဲ့ သက်တမ်းဟာလည်း အနှစ် ၄၀ ကျော်လာပါပြီ။ အင်တာနက်ကြောင့် ကူးလူး ဆက်ဆံမှုတွေဟာ မြန်ဆန်လာပြီး ကမ္ဘာကြီးဟာ ရွာလေး တစ်ရွာလို ဖြစ်လာတယ်လို့ ဆိုကြတယ်။ အင်တာနက်ဟာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ ထုံးစံတွေကို ရောထွေးယှက်နွယ် လုပ်လိုက်တယ်။ လူတစ်ဦးနဲ့ တစ်ဦးဟာ ပိုနီးလာတယ်၊ ခံစားချက် တူညီတဲ့ အုပ်စုတူတွေဟာ အင်တာနက်ပေါ်မှာ သီးခြား ကမ္ဘာလေးတစ်ခု အဖြစ်ကို ဖန်တီးနေထိုင် လာကြတယ်။ သူတို့ဟာ အသားအရောင်ကို သိပ်မစဉ်းစားတော့ဘူး၊ အချိန်ကာလ အကွာအဝေးကို မမှန်းဆတော့ဘူး၊ အယူအဆ၀ါဒ တစ်ခုကို လက်ကိုင် မထားတော့ဘူး။ တစ်ဖက်စောင်းနင်း တွေးခေါ် မနေတော့ဘူး။ တစ်ဦးနဲ့ တစ်ဦး မျှတဖို့၊ မျှဝေဖို့၊ သဘောတူတယ်၊ သဘော မတူဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူးကို အပြုသဘော အနေနဲ့ ပြောဆိုကူးလူး ဆက်ဆံ လာကြတယ်။ မူလက အင်တာနက် သုံးစွဲကြချိန်မှာ နာမည်ဝှက်၊ နာမည် ပြောင်တွေကို အသုံးပြုကြတယ်။ နောက်ပိုင်းမှာ အင်တာနက် သုံးသူတွေဟာ ကိုယ့်ရဲ့ ဓာတ်ပုံအမှန်၊ အခြေအနေမှန်၊ နာမည် အမှန်တွေကို အသုံးပြု လာကြတယ်။ အင်တာနက် ယဉ်ကျေးမူရဲ့ တိုးတက်မူ ရလဒ်ကောင်းလို့ ဆိုနိုင်တယ်။

အွန်လိုင်းပေါ် (အင်တာနက်) မှာ ပြောဆို ဆက်ဆံဖို့၊ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မူတွေ ရနေနိုင်ဖို့ဟာ ကိုယ်မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ သိဖို့လိုတယ်။

ဒီလိုပဲ တစ်ဖက်လူဟာလည်း မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ သိရမယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ သူတို့တွေဟာ သူတို့ရဲ့ ရိုးသားမူကို ထင်ရှား ဖော်ပြလာကြတယ်။ အင်တာနက်ပေါ်မှာ မရိုးမသား လုပ်ကိုင်မူဟာ အနှေးနဲ့ အမြန်ပေါ်ပေါက် လာသလို သတင်းဆိုးဟာလည်း အလွန် လျင်မြန်စွာ ပျံ့နှံ့လာတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းဟာ ကောင်း၏၊ ဆိုး၏ ပျံနှံ့ လွယ်လာတယ်။ မကောင်းမှုမှာ ဆိတ်ကွယ်ရာ မရှိသလို ကိုယ်ဟာကိုယ် သီလ သမ္မာဓိကို မြဲနေအောင် ထိန်းထားရပေလိမ့်မယ်။

အင်တာနက် ယဉ်ကျေးမှုမှာ ရိုးသား ပွင့်လင်းစွာ ပြောဆိုမှုဟာ အရေးကြီးသလို မရိုးမသားနဲ့ ပြောဆို ဆက်ဆံမှုတွေကိုလည်း သတိထားရပါလိမ့်မယ်။ နောက်တစ်ခုက အင်တာနက်ပေါ်မှာ ရှိနေတဲ့ လူမှု အသိုင်းအ၀ိုင်း တစ်ခုဟာ အင်တာနက် အသုံးပြုသူရဲ့ လူနေမှု အကျင့်စရိုက် အဆင့်အတန်းကိုလည်း တစ် စိတ်တစ်ဒေသ အကဲခတ် လေ့လာနိုင်တဲ့ နည်းလမ်း တစ်ခုလည်းဖြစ်တယ်။

အင်တာနက်ပေါ်မှာ လူတစ်ယောက်ရဲ့ သဘောထား၊ လုပ်ရည်ကိုင်ရည်ကို သူဘာတွေ ပြောနေသလဲ၊ သူဘာတွေ လုပ်နေသလဲ၊ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူတွေ ရှိနေသလဲ၊ လူအများစုက သူ့ကို ဘာတွေပြောနေသလဲ ဆိုတဲ့ အချက်တွေနဲ့ အကဲခတ်လေ့လာနိုင်ပါတယ်။ အင်တာနက်ယဉ်ကျေးမူဟာ ဘ၀တိုးတက်မှုကို တစ်စုံတစ်ရာ အထောက်အပံ့ ပေးနိုင်သလို တစ်ဦးတည်း တစ်ယောက်တည်း တိုးတက်သွားဖို့ အသုံးချ နိုင်တဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ်လည်း တိုးတက်စေ၊ အများလည်း တိုးတက်စေဆိုတဲ့ သဘောထားတွေက အင်တာနက် ယဉ်ကျေးမူတွေကို ထင်ဟပ်ပြနေပါတယ်။

ယဉ်ကျေးမူတိုင်းဟာ အကောင်းဆုံးတွေပဲတော့ မဖြစ်နိုင်ဘူး။ အားနည်းချက်၊ လိုအပ်ချက်၊ သဘော မတူညီ နိုင်တာတွေ ရှိကောင်း ရှိနေနိုင်တယ်။ အင်တာနက် ယဉ်ကျေးမှုဟာလည်း အကောင်းဆုံးတွေချည်းပဲလို့ မပြောနိုင်ပါဘူး။ သူ့မှာလည်း အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ဒါဟာ သဘာဝပဲ။ အရေးကြီးတာကတော့ ကိုယ်ပဲ။ ကောင်းတယ်၊ ဆိုးတယ်၊ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ အရာအားလုံးကို ကိုယ်သာလျှင် ဆုံးဖြတ်ပေးရတယ် မဟုတ်လား။ ဒါကြောင့် အင်တာနက် ယဉ်ကျေးမှုမှာ ကိုယ့်ရဲ့ဆင်ခြင် သုံးသပ်နိုင်မှုဟာ အရေးကြီးဆုံးပါပဲ။

ကမ္ဘာကြီးက ရွာပဲဖြစ်သွား ဖြစ်သွား၊ ကမ္ဘာကြီးက ပြားသွားတာပဲ ဖြစ်ဖြစ် ကမ္ဘာပေါ်မှာ နေသူတွေကတော့ ကမ္ဘာမခြားဖို့ လိုပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ကိုယ်က တစ်ယောက်တည်း ဆိုရင်တော့ ဖြစ်သင့် မဖြစ်သင့် စဉ်းစားသာ ကြည့်ပေတော့။ ရွာပြင် ထွက်နေချင်သပ ဆိုရင်လည်း နေနိုင်တာ ပေါ့လေ။ ကိုယ်သာလျှင် ကိုယ့်ဘ၀ အတွက် အရေးကြီးတယ် မဟုတ်လား။


(ရွှေအမြုတေ ဂျာနယ်မှ စာရေးဆရာ ဟန်ဇော် ရဲ့ဆောင်းပါးကို ကူးယူတင်ပြပါသည်။ရွှေအမြုတေ)



1 comments:

ရာဇာထွေး said...

လာဖတ်သွားတယ်နော်ညီ...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes